| Windows 7 ထွက်တော့မည်လော? |
|
၂၀၀၆ ၊ နိုဝင်ဘာ ၈ ရက်နေ့မှာ ဖြန့်ချီခဲ့တဲ့ Windows Vista ကို ကမ္ဘာ တစ်ဝှမ်း ယနေ့အချိန်အထိ ကော်ပီခွေပေါင်း စံချိန်တင် သန်း(၁၀၀)Microsoft ကျော်ရောင်းချခဲ့ပြီးနောက် အနေဖြင့် ၂၀၀၉ ခုနှစ်အမှီ သူ၏ ၀င်းဒိုစ် အသစ် - Windows 7 ကို ထုတ်လုပ်ဖြန့်ချီသွားမည် ဟု သတင်း ထွက်လာ ပြန်ပါတယ်။ဘာလုပ်လုပ် သိုသိုသိပ်သိပ် လုပ်တတ်လွန်းသော မိုက်ခရိုဆော့ဖ် ကတော့ ထိုသတင်းကို အတည်ပြုခြင်း မရှိသေးသော်လည်း ထို Windows 7 အား M1, M2, M3 (Milestone-1,2,3) နှင့် RTM (Release-To-Manufacturing) ဆိုပြီး ဗားရှင်းသုံးမျိုးဖြင့် အဆင့်ဆင့်ထုတ် လုပ်ဖြန့်ချီသွားမည် ဖြစ်ပြီး နောက်ဆုံး Release Version ဖြစ်သော RTM Version အာား ၂၀၀၉- ခုနှစ်တွင် ဖြန့်ချီသွားမည် ဖြစ်ကြောင်း စသဖြင့် အင်တာနက်တခွင်တွင် တိုးတိုးတစ်မျိုး၊ ကျယ်ကျယ်တစ်ဖုံ အုတ်အော်သောင်းနင်း ပြောဆိုနေကြပြန်ပါပြီ။ မှန်ကန်ကြောင်း သက်သေပြတဲ့သူတွေကလည်း အောက်ပါအတိုင်း Screen Shoot မျိုးစုံကို သက်သေသက္ကာယ နှင့်ပြလို့ Windows 7 Preview Video (Feature Video တွင်ပြသထား) ပါဆိုပြီး Youtube မှာတင်ပြသူတွေကလည်း တင်ပြ ကြပြန်ပါတယ်။ Screenshoots For Windows 7 Download Beta Version of Windows 7 (Version No. M1) ဘာပဲဖြစ်ဖြစ် မိုက်ခရိုဆော့ဖ် အနေနဲ့ ဒီထက်ပိုပြီး ပွင့်ပွင်းလင်းလင်း အလုပ်လုပ်သင့်နေပြီလို့ ကျွန်တော်ကတော့ ယူဆမိပါတယ်။ လျို့လျို့ဝှက်ဝှက်လုပ်တတ်လွန်းလို့ အရင်တစ်ခေါက် Vista တုန်းကလည်း ကောလဟာလတွေ၊ Beta Version ဆိုတာတွေ စုံစေ့နေအောင်ထွက်ရှိခဲ့ပြီး နောက်ဆုံး တရားဝင် Release လုပ်တုန်းကလည်း ကွဲခဲ့ပြီးပါပြီ။ အားလုံးက မျှော်လင့်တစ်ကြီး ၃- နှစ်လောက် စောင့်စားနေခဲ့ကြတဲ့ Vista ကို အံ့သြဖွယ် Feature တွေရဲ့ ဆွဲဆောင်မှုတွေနဲ့ ထွက်ထွက်ချင်းမှာ အပြေးအလွား သွားအားပေးခဲ့ကြပေမယ့် ၊ နောက်သုံးလလောက်အတွင်း ၀ယ်လိုအား သိသိသာသာ ကျသွားတာ၊ Vista Suck! ဆိုတဲ့ အသံတွေပဲ နေရာတိုင်းမှာ ကြားခဲ့ရတာ စတာတွေကို မေ့ပစ်လို့မရပါဘူး။ ဒါတွေဟာ ဘာကြောင့်ပါလဲ။ စားသုံးသူတစ်ယောက်ဖြစ်တဲ့ ကျွန်တော့်အမြင်နဲ့ ပြောရရင်တော့ ဒါဟာ မိုက်ခရိုဆော့ဖ်ရဲ့ တရားလွန် လျို့ဝှက်စွာ အလုပ်လုပ်ခြင်းရဲ့ အကျိုးကျေးဇူးတွေလို့ပဲ ပြောရပါမယ်။ Public မှာရှိတဲ့ တကယ့်စားသုံးသူတွေကို သတင်းမပေး၊ မပြောလိုပဲရှိခဲ့ရင်တောင် မိမိနဲ့ အကျိုးတူ၊ စီးပွားတူလို့ ပြောလို့ရတဲ့ ကျန်တဲ့ Windows သုံး ဆော့ဖ်ဝဲလ် တွေရေးတဲ့ ကုမ္ပဏီတွေ (Adobe,AutoCad, Antivirus Soft Companies, Media Codec & Players Compaines..etc) ကိုတော့ Vista နဲ့ ပတ်သက်တဲ့ အသေးစိတ်အချက်အလက်တွေ ပေးသင့်ခဲ့တာပါ။ အဲဒီလို မဖြစ်မနေပေးသင့်တဲ့ သူတွေကိုတောင် သက်ဆိုင်ရာသတင်းအချက်အလက်တွေ မပေးခဲ့တော့ ဘာတွေဖြစ်ခဲ့ပါသလဲ။ Vista အသစ်ကြီး ဟန်ကျ၊ ပန်ကျဝယ်လာပြီး၊ အိမ်ရောက်၊ အရင်သုံးနေတဲ့ Windows XP လေးကို သံယောဇဉ်ပင်ရှိသော် ငြားလည်း Vista အားကိုးနဲ့ ခပ်တည်တည် နှုတ်တောင်မဆက်ပဲ ဖြုတ်ချ၊ Vista ကြီးကို တင်လိုက်ပါပြီ။ ဟား..ရေလည်လန်းတဲ့ ဒီဇိုင်းတွေနဲ့ ကြည်နူးမဆုံး၊ ကျေနပ်မဆုံးရှိနေတုန်း အရင် XP မှာသုံးတဲ့ အခြေခံဆော့ဖ်ဝဲလ်တွေဖြစ်တဲ့ Antivirus, Adobe Reader, Autocad, Video Codec, Media Player အစရှိတာတွေကို Run မယ်လဲလုပ်ရော၊ ပြဿနာကစတက်ပါပြီ။ “Your software is not compatibility for current Version of Windows” ဆိုတော့ ကောင်းပါပြီပေါ့။ ဆော့ဖ်ဝဲလ်ထုတ်တဲ့ Company ရဲ့ ၀ဘ်ဆိုဒ်တွေရှိတာပဲ။ အဲဒီမှာတော့ Update Version လေး ရှိတန်ကောင်းရဲ့ဆိုပြီး အပြေးအလွား သွားရှာကြတာပေါ့။ ဟိုရောက်တော့ အမောက ပိုဆို့သွားကြ။ For Windows Vista ဆိုပြီး Update တွေ လုပ်ပေးထား ကြတဲ့သူတွေ လည်းရှိတော့ရှိခဲ့ပါရဲ့။ ဒါပေမယ့် အဲဒီ Windows သုံး Softwares ရေးတဲ့ Company တော်တော်များများဟာ Vista ထွက်တဲ့ အချိန်နဲ့ အံကိုက်ဖြစ်အောင် အားလုံးကို Update လုပ်မပေးထား နိုင်ခဲ့ကြပါဘူး။ အဲဒီမှာတင် အားလုံးက Vista ကြီး ပိုက်ပြီး လွှင့်ရမှာလည်း အဆီတ၀င်းဝင်း၊ စားရမှာ လည်း သဲတစ်ရှပ်ရှပ် ဖြစ်ကုန်ကြတော့တာပါပဲ။ မင်းသားကြီး Vista ကိုယ်တိုင်လည်း မင်းသမီးမစုံမလင်နဲ့ အားလုံး အသင့်မဖြစ်သေးခင် ထွက်လာရတဲ့ နှစ်ပါးခွင်မင်းသားလိုပဲ အိုးနင်းခွက်နင်း ဖြစ်ခဲ့ရပါတယ်။ Vista ထွက်ပြီး ကာလအတန်ကြာ ယနေ့အချိန်ကြမှပဲ သူရဲ့ Partner Company တော်တော်များများ လည်း Vista Compatibility ဖြစ်တဲ့ ဆော့်ဖ်ဝဲလ်တွေ Update ဖြစ်အောင်ထုတ်၊ Vista ကိုယ်တိုင်လည်း Update ပေါင်း ထောင်ချီ တက်သုတ်ရိုက် ပြုလုပ်ခဲ့ပြီး စားသုံးသူတွေနဲ့ အံဝင်ခွင်ကျဖြစ်အောင် အဆောတလျင် ဒုန်းစိုင်းခဲ့လို့ ဒီအခြေအနေထိ ဟန်မပျက် ချီတက်လာနိုင် ခဲ့တာပါ။ ဒါတွေဟာ Microsoft အတွက် သင်ခန်းစာတွေပါပဲ။ အခု သတင်းထပ်ထွက်လာတဲ့ Windows 7 မှာရော Microsoft ကဘာတွေများ ထပ်မံလျို့ဝှက် ကြဦးမှာလဲ။ ဒါမှမဟုတ် Bill Gates မရှိတော့တဲ့ နောက်ပိုင်း Microsoft အနေနဲ့ ဘယ်လို Strategy တွေ၊ ဘယ်လို Policy တွေနဲ့ ဈေးကွက်ကို ဦးဆောင်မှုယူသွားမလဲ ဆိုတာကတော့ လေ့လာ စောင့်ကြည့်ရုံမှ တစ်ပါးအခြားမရှိပြီ လို့ပဲ ပြောရပါတော့မယ် ခင်ဗျား။
|
